Shownotes
ခက်ခက်ခဲခဲကြမ်းကြမ်းဖြင့် ပညာရေးကို သူရအောင်ယူခဲ့သည်။ သို့သော် သူထင်ထားသည်ကား ပညာတတ်လျှင် အဆင်ပြေပြီ။ သို့သော် ပညာတတ်ဘွဲ့ရ အလုပ်လက်မဲ့ဂုဏ်ပုဒ်ဖြင့်သာ မိန်းမရသွားသည်။ သူရင်းခဲ့ရသည်နှင့်ကား မတန်။ ထို့နောက် အဝေးသင်ဘွဲ့ဖြင့် အစိုးရ၀န်ထမ်းလျှောက်ပြီး လူ၀င်မှုကြီးကြပ်ရေးတွင် ၀န်ထမ်းဖြစ်လာခဲ့သည်။ ထိုသူကား ကချင်အမျိုးသား ကိုရဲဒီး။
ထို့နောက် ၀န်ထမ်းဘ၀တွင် သူအလွန်မျှော်လင့်ခဲ့သော ဘ၀ရပြီဟု ထင်မြင်ခဲ့မိသည်။ ထိုအမြင်ကား ကြာကြာမခံ။ အထက်ဖား အောက်ဖိများနှင့် တိုင်းရင်းသားဆို တဆင့်နိမ့်သည်ဟု ယူဆထားကြသော လူတွေကြား သူရှေ့ဆက်ခဲ့သည်။ သို့သော် သူသိထားသည်ကား နေ့စဉ် ကိုယ်ရည်ကိုယ်သွေးနိမ့်ပါးလာသည်ဟူသော အချက်ပင်။
စနစ်ကို မုန်းသည်။ ပြည်ထောင်စု ဖြစ်ဖြစ် ပြည်ထောင်ကွဲဖြစ်ဖြစ် သူသိပ်စိတ်မ၀င်စား။ လူတိုင်းအတွက် ကောင်းမွန်သော စနစ်ဖြင့် ပညာတတ်ဦးစားပေးသော အစိုးရရှိလျှင် ကျေနပ်ပြီဟု ဆိုသည်။
ရိုးရှင်းပြီး သဘာ၀ကျသော သူ၏ဘ၀၊ အစစအရာရာသည်းခံခဲ့ရသော ၀န်ထမ်းဘ၀ကို စွမ့်ပြီး မိန်းမနှင့် ကလေးနှစ်ယောက်ကို လက်ဆွဲကာ လွတ်မြောက်ရာသို့ ရွက်လွှင့်လာသော ဘ၀တစိတ်တပိုင်းကို #တော်လှန်ခြင်းများနှင့်ခေတ်သစ်မြန်မာပြည် podcast တွင် နားဆင်နိုင်ပြီ ဖြစ်ပါသည်။